Exam Tips · Post #00015

စာမေးပွဲမှာ မလျှမ်းအောင် ဘယ်လိုဖြေမလဲ?

by Haru · 1% Better Every Day
Student frustrated with exam paper
မသိလို့ မှားတာထက် သိရက်သားနဲ့ မှားတာက ပိုနာကျင်ရတယ်

စာမေးပွဲခန်းထဲက ထွက်လာတယ်။
သူငယ်ချင်းတွေနဲ့ အဖြေတိုက်ကြည့်တော့မှ...
"ဟာ... သွားပြီ၊ ငါဒါ သိရက်သားနဲ့ မှားခဲ့တာပဲ" ဆိုပြီး
ကိုယ့်ခေါင်းကိုယ် ပြန်ထုချင်စိတ် ပေါက်ဖူးလား?

စာမရလို့ မှားတာဆိုရင်တောင် ခံသာသေးတယ်။
ရရဲ့သားနဲ့ ရှမ်းပြီး (Careless mistakes) မှားတာက
တကယ်ကို ဒေါသထွက်စရာကောင်းပါတယ်။

သင်္ချာမှာ အပေါင်းအနှုတ် လက္ခဏာလွဲသွားတာ၊
အင်္ဂလိပ်စာမှာ 'NOT' ကို မမြင်လိုက်တာ၊
မေးခွန်းက "ဘာလဲ" လို့မေးတာကို
ကိုယ့်ဘာသာ "ဘယ်လိုလဲ" ဆိုပြီး ဆက်ရေးပစ်တာမျိုးတွေပေါ့။

ဒါဟာ သင် ဉာဏ်မကောင်းလို့၊ စာမရလို့ မဟုတ်ပါဘူး။
သင့်ဦးနှောက်ရဲ့ "System Error" တစ်ခုပါပဲ။

Warm study desk with a visual metaphor for autopilot focus mistakes
အမြန်ဆုံးဖြတ်တဲ့ ဦးနှောက်စနစ်က တစ်ခါတလေ သိထားတဲ့အရာတွေကိုတောင် လွဲစေတတ်တယ်

(၁) ဘာလို့ Careless Mistakes တွေ လုပ်မိတာလဲ?

နိုဘယ်လ်ဆုရှင် စိတ်ပညာရှင် Daniel Kahneman က
ကျနော်တို့ ဦးနှောက်မှာ စဉ်းစားတွေးခေါ်တဲ့ စနစ် (၂) ခု ရှိတယ်လို့ ဆိုပါတယ်။

စာမေးပွဲခန်းထဲရောက်ပြီ၊ အချိန်ကန့်သတ်ချက်ရှိပြီ၊ စိတ်ဖိစီးလာပြီဆိုတာနဲ့
ဦးနှောက်က Energy သက်သာအောင် System 1 ကို အလိုလို ပြောင်းသုံးလိုက်ပါတယ်။

အဲ့ဒီအခါ မေးခွန်းကို အစအဆုံး သေချာမဖတ်တော့ဘူး။
စကားလုံး နှစ်လုံးလောက်မြင်တာနဲ့ "ဪ ဒါမေးတာပဲ" ဆိုပြီး
System 1 က ဖြတ်လမ်းကနေ ကောက်ချက်ချလိုက်ရော။
အဲ့ဒီမှာ စာတွေကျန်၊ အဖြေတွေလွဲပြီး Careless Mistakes တွေ ဖြစ်ကုန်တာပါပဲ။

(၂) ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ?

အဖြေကတော့ ရှင်းပါတယ်။
လောနေတဲ့ System 1 ကို ပိတ်ပြီး၊ သေချာစဉ်းစားတဲ့ System 2 ကို ပြန်နှိုးရပါမယ်။
ဒါကို လက်တွေ့အသုံးချဖို့ အချက် (၃) ချက် လုပ်ကြည့်ပါ။

နည်းလမ်း ၁ - ဂျပန်ရထားမောင်းသူများ၏ လျှို့ဝှက်ချက် (Shisa Kanko)

ဂျပန်နိုင်ငံက ရထားမောင်းတဲ့သူတွေဟာ အချက်ပြမီးကို မြင်ရင် ဒီအတိုင်း မကြည့်ပါဘူး။
လက်ညှိုးနဲ့ သေချာထောက်ပြီး "မီးစိမ်းတယ်" လို့ အသံထွက်ပြောပါတယ်။
ဒီလို လက်ညှိုးထောက်ပြီး ပြောတဲ့နည်းစနစ်ကို "Shisa Kanko" (Pointing and Calling) လို့ ခေါ်ပါတယ်။

Japanese train conductor pointing carefully on a railway platform
ကြည့်ရုံမဟုတ်ဘဲ လက်နဲ့ထောက်ပြီး အသံထွက်ပြောတာက အာရုံကို ပြန်ခေါ်ပေးတဲ့နည်းလမ်းတစ်ခုပါ

ဒီနည်းလမ်းက ဦးနှောက်ရဲ့ System 2 ကို အတင်းနှိုးပေးလိုက်တာဖြစ်လို့
အမှားလုပ်မိနိုင်ချေကို ၈၅% အထိ လျှော့ချပေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။

စာမေးပွဲမှာ ဒါကို ဘယ်လိုသုံးမလဲ?
မဲမဲမြင်တိုင်း ရမ်းမဖတ်ပါနဲ့။
မေးခွန်းတစ်ခုဖတ်တိုင်း လက်ညှိုးလေး (သို့) ဘောပင်လေးထောက်ပြီး
တစ်လုံးချင်းစီကို သေချာဖတ်ပါ။
အရေးကြီးတဲ့ ကီးဝေါဒ်တွေ၊ (NOT, EXCEPT, FALSE) လို စကားလုံးတွေကို ဘောပင်နဲ့ ဝိုင်းထားပါ။

နည်းလမ်း ၂ - စာမေးပွဲဖြေနေတယ်လို့ သဘောမထားပါနဲ့

ရှမ်းသွားတယ်ဆိုတာ စိတ်ထဲမှာ "ငါ အချိန်မီပါ့မလား၊ မှားသွားရင် ဒုက္ခပဲ" ဆိုတဲ့
ဝန်ထုပ်ဝန်ပိုးတွေ များနေလို့ပါ။

အိမ်စာလုပ်နေတယ်လို့ သဘောထားပြီး ပေါ့ပေါ့ပါးပါးပဲ ဖြေပါ။
စိတ်ဖိစီးမှုနည်းလေလေ၊ ဦးနှောက်က ကြည်လင်ပြီး System 2 အလုပ်လုပ်နိုင်လေလေပါပဲ။

နည်းလမ်း ၃ - The Reverse Double-Check (ပြောင်းပြန်စစ်ဆေးခြင်း)

စာမေးပွဲခန်းထဲက ဖိအားများနေတဲ့ သင့်ဦးနှောက်ကို အရမ်းမယုံပါနဲ့။
ကိုယ့်အဖြေကို ကိုယ်ပြန်ဖတ်ရုံနဲ့ အမှားကို မြင်ဖို့ခဲယဉ်းပါတယ်။

သင်္ချာတွက်ရင် တွက်ထားတဲ့ အဆင့်တွေကို အပေါ်ကနေ အောက် ပြန်မစစ်ပါနဲ့။
အောက်ကနေ အပေါ်ကို ပြောင်းပြန် ပြန်တက်ကြည့်ပါ။
ဒါမှမဟုတ် ကိုယ်ရလာတဲ့ အဖြေကို မေးခွန်းထဲ အစားပြန်သွင်းကြည့်ပါ။

Student carefully checking exam answers with a pencil
အဖြေကို ပြန်စစ်တဲ့အချိန်မှာ ဦးနှောက်ကို လမ်းကြောင်းအသစ်တစ်ခုကနေ ပြန်ကြည့်ခိုင်းပါ

အနှစ်ချုပ်ရရင် —

မြန်မြန်လုပ်ပြီး ၅ ပုဒ်မှားမယ့်အစား၊
ဖြည်းဖြည်းချင်း သေချာလုပ်ပြီး ၃ ပုဒ်အပိုင်မှန်အောင် အရင်လေ့ကျင့်ကြည့်ပါ။

Careless mistakes ဆိုတာ သင်ညံ့လို့ ဖြစ်တာမဟုတ်ပါဘူး။
အာရုံစူးစိုက်မှုကို စနစ်တကျ မထိန်းချုပ်နိုင်လို့ပါ။
ဒါဟာ ကျင့်ယူလို့ရတဲ့ အလေ့အကျင့်တစ်ခုသာ ဖြစ်ပါတယ်။

Haru
1% Better Every Day


Comments

Anonymous comments allowed. Be kind. ❤️