Meta Learning · Post #00014

စာလုပ်ဖို့ ပျင်းနေတာ သင့်အမှားမဟုတ်ဘူး
(Dopamine ရဲ့ လျှို့ဝှက်ချက်)

by Haru · 1% Better Every Day
Student distracted by a phone while studying
ကျနော်တို့ ဦးနှောက်ကို ကျနော်တို့ ပြန်ပြီး Hack ကြမယ်

ဂိမ်းဆော့မယ်ဆိုရင် ၂ နာရီဆက်တိုက် မထတမ်းဆော့နိုင်တယ်။
TikTok ကြည့်မယ်ဆိုရင်လည်း မျက်စိညောင်းတဲ့အထိ ပွတ်နိုင်တယ်။
Kdrama ဆိုရင်လည်း "နောက်တစ်ပိုင်းလောက်ပဲ" ဆိုပြီး
ညလုံးပေါက် ကြည့်နိုင်တယ်။

ဒါပေမဲ့...
စာလေး မိနစ် ၃၀ လောက် ထိုင်လုပ်ဖို့ကြတော့
အကြီးအကျယ် ညှဉ်းပန်းနှိပ်စက်ခံနေရသလို ခံစားရတယ်။

စာလုပ်ဖို့၊ Exerciseတွေလုပ်ဖို့ဆိုတာတွေက
ရေရှည်မှာ ကိုယ့်အတွက် ကောင်းမှန်း
သိသိကြီးနဲ့...
ခဏတာ စိတ်သာယာမှုပေးပြီး
ရေရှည်မှာ ခံစားရမယ့်
Social Media တွေ၊ ဂိမ်းတွေကိုပဲ ဘာလို့ ထပ်တလဲလဲရွေးချယ်မိနေတာလဲ?

တချို့လူတွေက ခက်ခဲတဲ့အလုပ်တွေကို
Motivation အပြည့်နဲ့ နေ့တိုင်း လုပ်နိုင်နေကြတဲ့အချိန်
ကိုယ်ကကျမှ ဘာလို့ ပျင်းနေရတာလဲ?

ဒီမေးခွန်းအတွက် အဖြေက
ကျနော်တို့ ဦးနှောက်ထဲမှာရှိတဲ့
ဓာတုပစ္စည်းလေးတစ်ခုနဲ့ ဆိုင်ပါတယ်

(၁) Dopamine (ဒိုပါမင်း) - လိုချင်တပ်မက်စေသော Chemical

လူတော်တော်များများက Dopamine ကို
"ပျော်ရွှင်စေတဲ့ ဓာတ်" လို့ ထင်ကြတယ်။
ဒါပေမဲ့ အဲ့ဒါက မမှန်ပါဘူး။

Dopamine က ကျနော်တို့ကို ပျော်ရွှင်စေတာ မဟုတ်ဘူး။
လိုချင်တပ်မက်အောင် (Craving) လုပ်ပေးတာပါ။

တစ်စုံတစ်ခုကို မရသေးခင်မှာ
"ဒါလေး လုပ်လိုက်ရရင် သိပ်ကောင်းမှာပဲ" ဆိုပြီး
ဆွဲဆောင်နေတာ Dopamine ပါပဲ။

ကျနော်တို့ ထီထိုးကြတဲ့အခါမှာ
ထီပေါက်ရင် ဘာတွေကို ပိုင်ဆိုင်ရမှာလို့
စိတ်ကူးယဉ် တပ်မက်စိတ်ဖြစ်တာ Dopamineပါပဲ

ဒီ Dopamineဟာ ဘယ်လောက် စွမ်းအားကြီးသလဲဆိုတာ သိချင်လို့
သိပ္ပံပညာရှင်တွေက ကြွက်တွေနဲ့ စမ်းသပ်ခဲ့ဖူးပါတယ်။

ကြွက်တွေကို ခလုတ်လေးတစ်ခုပေးထားပြီး
အဲ့ဒီခလုတ်ကို နှိပ်လိုက်တိုင်း
ကြွက်ရဲ့ ဦးနှောက်ထဲကို Dopamine Chemical တွေ
တိုက်ရိုက်လွှတ်ပေးလိုက်တယ်။

ဒီလိုနဲ့ ကြွက်တွေက ဘာဖြစ်လာသလဲဆိုတော့
အစာစားဖို့မေ့၊ ရေသောက်ဖို့မေ့၊ အိပ်ဖို့မေ့ပြီး
အဲ့ဒီခလုတ်ကိုပဲ မမောနိုင်မပန်းနိုင် ဆက်တိုက်နှိပ်ပြီး
တချို့ဆို မေ့ပြီးလဲကျသွားတယ်။

ထူးဆန်းတယ်လို့ မတွေးခင်မှာ
မျက်စိတွေ ဖွင့်မရအောင် အိပ်ငိုက်လာတဲ့အထိ
Social Media Scroll နေတဲ့
ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်ကြည့်ပါ

ပြောင်းပြန် စမ်းသပ်မှုချက်ကတော့...
ကြွက်တွေရဲ့ ဦးနှောက်ထဲက Dopamine ကို
ပိတ်ချလိုက်တဲ့အခါကြတော့
ကြွက်တွေဟာ အစာစားဖို့တောင် ပျင်းလာကြတယ်။
အစာကို ပါးစပ်ထဲ ထည့်ပေးရင်တော့ စားတယ်။
ဒါပေမဲ့ အစာရှိရာကို သွားယူဖို့ လုံးဝ (လုံးဝ) စိတ်မဝင်စားတော့ဘူး။

ကျနော်တို့ လူတွေရဲ့ ဦးနှောက်မှာလည်း
ဒီဖြစ်စဉ်အတိုင်း အလုပ်လုပ်တာပါပဲ။

(၂) Dopamine Tolerance (ဒိုပါမင်း ယဉ်ပါးသွားခြင်း)

ကျနော်တို့ရဲ့ ဦးနှောက်က အမြဲတမ်း
မျှတအောင် (Balance) နေတတ်တဲ့ သဘာဝရှိတယ်။
ပူရင် ချွေးတွေထွက်လာပြီး ကိုယ့်bodyကို ပြန်အအေးခံသလိုမျိုးပေါ့။

TikTok၊ ဂိမ်း၊ အချိုစာတွေကနေ
ဦးနှောက်ထဲကို Dopamine တွေ အများကြီး
တဟုန်ထိုး ဝင်လာတဲ့အခါ...
ဦးနှောက်က ဒါတွေကို လက်ခံတဲ့ Receptors တွေကို
လျှော့ချပစ်လိုက်တယ်။

အဲ့ဒါကို Tolerance (ယဉ်ပါးသွားခြင်း) လို့ ခေါ်တယ်။

A rich buffet spread with many food choices A plain bowl of white rice
ရိုးရိုးထမင်းဖြူက အရသာမရှိတော့ဘူး

မြင်သာတဲ့ ဥပမာတစ်ခုနဲ့ ပြောပြရမယ်ဆိုရင်...
နေ့တိုင်း ကြယ်ငါးပွင့်အဆင့် Buffet ကို
စားနေရတဲ့သူတစ်ယောက်ကို
ရိုးရိုး ထမင်းဖြူနဲ့ ဟင်းရည်လေး သွားကျွေးရင်
"ဘာအရသာမှ မရှိဘူး" လို့ ပြောမှာပဲ။

စာလုပ်တယ်ဆိုတာ အဲ့ဒီ "ရိုးရိုး ထမင်းဖြူ" ပါပဲ။
Social Media ကပေးတဲ့ Dopamine တွေနဲ့ ယဉ်ပါးနေတဲ့ ဦးနှောက်က
စာအုပ်ကို မြင်တဲ့အခါ လုံးဝ စိတ်မဝင်စားတော့ပါဘူး။
သင် ပျင်းနေတာ မဟုတ်ဘူး၊
သင့်ဦးနှောက်က Dopamine အများကြီး လိုချင်နေတာပါ။
စာလုပ်ရင်ရမယ့် Dopamine ဟာ
ဖုန်းသုံးရင်ရမယ့် Dopamine ထက် အများကြီးနည်းနေခဲ့တယ်။

(၃) Dopamine Detox (ဦးနှောက်ကို Reset ချခြင်း)

Buffet တွေ စားလွန်းလို့ ရိုးရိုးထမင်းဖြူကို
အရသာမတွေ့တော့တဲ့ လူတစ်ယောက်
သဲကန္တာရထဲမှာ သုံးရက်လောက် ရေမသောက်ရ၊ အစာမစားရဘဲ
လမ်းပျောက်သွားတယ် ဆိုပါစို့။

အဲ့ဒီအချိန်မှာ အစောက ရိုးရိုးထမင်းဖြူကို ပေးလိုက်ရင်
ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအစာလိုမျိုး
စားမိမှာ အသေအချာပါပဲ။

ဒါဟာ Dopamine Detox ရဲ့ သဘောတရားပဲ။
ဒီအတွက် နည်းလမ်း (၂) ခု ရှိတယ်။

ဒါဟာ ကိုယ့်ကိုယ်ကို အပြစ်ပေးဖို့ မဟုတ်ဘူး။
ဦးနှောက်ကို Reset လုပ်ပြီး
ရိုးရိုးထမင်းဖြူကို ပြန်ပြီး အရသာတွေ့လာအောင် လုပ်တာပါ။

Focused study session at a desk with notebooks
Reset ပြီးတဲ့အခါ ရိုးရိုးအလုပ်တွေကအစ ပြန်ပြီး စိတ်ဝင်စားစရာကောင်းလာမယ်

(၄) Reward System (လုပ်သင့်တာအရင်၊ လုပ်ချင်တာကနောက်မှ)

ကျနော်တို့က အမြဲတမ်း Detox လုပ်နေလို့ မရဘူးလေ။
စိတ်အပန်းဖြေမှုဆိုတာလည်း လိုအပ်သေးတာပဲ။
ဒါကြောင့် စနစ်တစ်ခု အကျင့်တစ်ခုကို တည်ဆောက်ရမယ်။

မနက်နိုးနိုးချင်း ဖုန်းကို ကောက်မပွတ်ပါနဲ့။
လွယ်လွယ်ရတဲ့ Dopamine ကို အရင်ယူလိုက်ရင်
ခက်ခဲတဲ့အလုပ် လုပ်ဖို့ Motivation ပျောက်သွားတတ်ပါတယ်။

အဲ့ဒီအစား...
အလုပ်ကို အရင်လုပ်၊ ပြီးမှ ကိုယ့်ကိုယ်ကို ဆုပေးပါ။
စာ တစ်နာရီ လုပ်ပြီးရင် ကိုယ်ကြိုက်တဲ့ Snack ၁၅ မိနစ် စားမယ်။
ဒီလိုမျိုး အကျင့်ဆိုးကို ပြောင်းပြန်လှန်ပစ်ရပါမယ်။

Coffee and a small snack as a study reward
အလုပ်ပြီးမှ ဆုလာဘ်ယူတဲ့ စနစ်ကို တည်ဆောက်ပါ

(၅) ဦးနှောက်ကို ပြန်လှည့်စားမယ့် နည်းလမ်း (၅) ခု

၁။ ဂိမ်းဆော့သလို လုပ်ပါ (Gamification): ကိုယ်လုပ်စရာရှိတာတွေကို ဂိမ်းLevel တွေလို သတ်မှတ်လိုက်ပါ။ ပြီးသွားရင် ကိုယ့်ကိုယ်ကို Pointတွေပေး ဆုတွေချပါ။

၂။ သေးသေးလေးကနေ စပါ (Start Small): တောင်ကြီး တစ်တောင်လုံးကို တစ်ညတည်းဖြတ်ကျော်ဖို့တွေးရင် မဖြစ်နိုင်ဘူးတွေးမိတတ်တယ်။ "၂ မိနစ် လောက်ပဲ လုပ်ကြည့်မယ်" ဆိုပြီး စလိုက်ပါ။ အရှိန်ရသွားရင် ဆက်လုပ်ဖြစ်သွားပါလိမ့်မယ်။ မောတော့လည်း နားပေါ့။

၃. ချက်ချင်းရမယ့် ဆုလာဘ်ပိစိလေးတွေ (Instant Rewards): စာတစ်မျက်နှာ ပြီးရင် သီချင်းတစ်ပုဒ် နားထောင်မယ်။ သင်္ချာအပုဒ် ၂၀ တွက်ပြီးရင် Youtube ကြည့်မယ်။ သေးငယ်တဲ့ အောင်မြင်မှုလေးတွေဟာ ရှေ့ဆက်ဖို့ တွန်းအားဖြစ်စေပါတယ်။

၄. အဖွဲ့နဲ့ လုပ်ပါ (Accountability Squad): တစ်ယောက်တည်းဆို ပျင်းတတ်ပေမဲ့ အဖွဲ့နဲ့စာလုပ်တဲ့အခါ အပြန်အလှန်စာတွေ မေးလိုက်၊ တွန်အားပေးလိုက်ဆိုတော့ ပျော်ဖို့ကောင်းတာပေါ့။

၅. ကိုယ့်ခံယူချက် သေချာဖို့လိုတယ်(Identity Shift):
"ငါက ပျင်းတဲ့သူ" လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားရင် အမြဲ ပျင်းနေမှာပဲ။
"ငါက စည်းကမ်းရှိတဲ့သူ" လို့ သတ်မှတ်ပြီး နေထိုင်ကြည့်ပါ။
အပြုအမူဆိုတာ ကိုယ့်ရဲ့ ယုံကြည်ချက်ကနေ လာတာပါပဲ။

Dopamine ဆိုတာ ရန်သူ မဟုတ်ပါဘူး။
လူသားတွေ တိုးတက်ဖို့၊ ရှင်သန်ဖို့ လိုအပ်တဲ့ အရာပါ။

အဓိက မေးခွန်းက
"ကိုယ်လိုချင်တဲ့ Dopamine ကို ဘယ်ကနေ ယူနေသလဲ?" ဆိုတာပါပဲ။

လွယ်လွယ်ရတဲ့ Social Media လို နေရာကနေ ယူနေသလား?
ဒါမှမဟုတ် တကယ့် တိုးတက်မှု (Growth) တွေကနေ ယူနေသလား?

ခက်ခဲတဲ့အရာတွေကို လုပ်ရတာ ပင်ပန်းပါတယ်။
ဒါပေမဲ့ မှန်ကန်တဲ့ စနစ်၊ သေးငယ်တဲ့ ဆုလာဘ်လေးတွေနဲ့
ကိုယ့်ဦးနှောက်ကို ပြန်ပြီးအနိုင်ယူလို့ ရပါတယ်။

Haru
1% Better Every Day


Comments

Anonymous comments allowed. Be kind. ❤️