အဖြေလွယ်လွယ်ရတဲ့ ခေတ်မှာ ပျောက်ဆုံးသွားတဲ့ “ခေါင်းကုတ်ရတဲ့ အခိုက်အတန့်”
ကျွန်တော်တို့ ခေတ်ကြီးက အရမ်းသက်သာလွန်းနေပြီလားလို့ တွေးမိတယ်။ ဂဏန်းတွက်မလား Calculator ရှိတယ်။ အလွတ်ကျက်စရာလိုသေးလား ဖုန်းတစ်လုံးရှိရင် အချက်အလက်တွေအကုန်ရှာလို့ရတယ်။ ကျောင်းစာတွေအတွက်လား အထူးထုတ် (Guidebook) တွေရှိတယ်။ အခုဆိုရင် AI တွေပါ ပေါ်လာတော့ စာအုပ် ၄-၅ အုပ်လောက်ကို လှန်လှောပြီး ခေါင်းတိုးအဖြေရှာရမယ့် ကိစ္စတွေက စက္ကန့်ပိုင်းနဲ့ ပြီးသွားတယ်။
နည်းပညာတွေ များလာတာ ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့…
ကျွန်တော်တို့ မသိမသာဆုံးရှုံးလိုက်ရတဲ့အရာတစ်ခု ရှိတယ်။
အဲ့ဒါကတော့ “စဉ်းစားတွေးခေါ်ဖို့ ရုန်းကန်ရတဲ့ ဒုက္ခ (The struggle to figure things out)” ပါပဲ။
အဖြေမှန်ရဖို့လောက်ပဲ ကြိုးစားကြတဲ့ အခုခေတ် ကျောင်းသားတွေ၊ လူငယ်တွေရဲ့ pattern က ဒီလို၊ AI သို့မဟုတ် အထူးထုတ်ကပေးတဲ့ Step-by-step အဖြေကို ကြည့်မယ်။ ပြီးရင် အဲ့ဒီအဖြေကို နားလည်အောင်လုပ်မယ် (တချို့ဆို နားမလည်ဘဲ အလွတ်ကျက်မယ်)။ ပြီးရင် စာမေးပွဲမှာ အမှတ် ၁၀၀ ဖိုးမေးရင် ၁၀၀ ရဖို့ ဖြေမယ်။
ဒီလို စာလုပ်ကြတဲ့ Process တစ်ခုလုံးမှာ “ငါ ဘယ်လိုစဉ်းစားရမလဲ”၊ “ဒီပြဿနာကို ဘယ်လို ရှင်းရမလဲ” ဆိုပြီး ခေါင်းခြောက်ခံ၊ ခေါင်းကုတ်ပြီး စဉ်းစားရတဲ့ အပိုင်း ပျောက်ဆုံးနေပါပြီ။
အဖြေကို AI က ရှာပေးတယ်။ စဉ်းစားပေးတယ်။ Reference တွေ ထုတ်ပေးတယ်။ ကိုယ်က ဘာလုပ်ရသလဲဆိုတော့ ရလာတဲ့အဖြေကို ကူးချပြီး ကိုယ်ပိုင်အမှတ်ယူလိုက်ရုံပါပဲ။ ဒါက ပညာရေးလား၊ ဒါမှမဟုတ် “ကြက်တူရွေး နှုတ်တိုက်”ကို အဆင့်မြှင့်ထားတဲ့ Version လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ဘာကြောင့် သင်္ချာနဲ့ သိပ္ပံကို သင်နေရတာလဲ
ကျွန်တော်တို့ ကျောင်းမှာ သင်္ချာ၊ Physics၊ Chemistry၊ Biology သင်နေရတာဟာ ဖော်မြူလာတွေ အလွတ်ကျက်ဖို့ သက်သက် မဟုတ်ပါဘူး။ ဒါတွေက လူသားတွေ ကြုံတွေ့နေရတဲ့ပြဿနာကို ဖြေရှင်းနိုင်တဲ့အစွမ်း (Problem Solving Skill) ကို လေ့ကျင့်ပေးနေတာပါ။
- Biology ကို နားလည်မှ ဆေးပညာဘက်မှာ လူ့အသက်တွေကို ကယ်နိုင်မယ်။
- Physics ကို သဘောပေါက်မှ အင်ဂျင်နီယာပိုင်းဆိုင်ရာ တည်ဆောက်ရေးတွေ လုပ်နိုင်မယ်။
- Mathematics ဆိုတာ ဦးနှောက်ကို Logic ကျကျ တွေးတတ်အောင် လေ့ကျင့်ပေးတာ။
ဒီလို skill အရင်းအမြစ်တွေကို ကိုယ်တိုင် အားစိုက်မထုတ်ဘဲ (Effort မထည့်ဘဲ) ဖြတ်လမ်းကနေ ကျော်ခွသွားမယ်ဆိုရင် ကျွန်တော်တို့ ဦးနှောက်ထဲမှာ ဘာကျန်ခဲ့မှာလဲ။ ဘာမှ မကျန်ပါဘူး။ Creativity (ဖန်တီးနိုင်စွမ်း) တွေ သေဆုံးသွားမယ်။ ကိုယ်တိုင် ပြဿနာဖြေရှင်းနိုင်စွမ်းတွေ ပျောက်ဆုံးသွားမယ်။
ဦးနှောက်သေနေသော Civilization ဆီသို့ ?
အရင်က စာတစ်ပုဒ်ကို နားလည်ဖို့ Reading Comprehension လုပ်ရတယ်။ အခုခေတ်က စာဖတ်ပြီး နားလည်ဖို့နေနေသာသာ စာရှည်ရင်မဖတ်ချင်တော့ဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီလို “လိုချင်တာရဖို့ အားထုတ်သင့်တယ်ဆိုတဲ့ အလေ့အကျင့်” ကို နည်းပညာက ဖျက်ဆီးလိုက်လို့ပါပဲ။
လူသားဆိုတာ စဉ်းစားတွေးခေါ်မှု (Thinking) အပေါ်မှာ အခြေခံပြီး ယဉ်ကျေးမှု (Civilization) ကို တည်ဆောက်ခဲ့တာပါ။ အခုတော့ စဉ်းစားတာကို AI နဲ့ စက်တွေကို ပုံအပ်လိုက်ပြီး လူတွေက မတွေးတော့ဘူးဆိုရင်… ရှေ့ဆက်မယ့် အနာဂတ်က ကြောက်စရာ ကောင်းနေပါလိမ့်မယ်။
ပညာရေးဆိုတာ အဖြေမှန်ရဖို့ သက်သက် မဟုတ်ပါဘူး။
သင့်ဦးနှောက်ကို တန်ဖိုးတတ်လာဖို့ဆိုရင်
AI ခေါက် အဖြေမှန်ရဖို့ထက် စဉ်းစားလိုက်ရတဲ့ လုပ်ငန်းစဉ် (Process) က လိုကိုလိုအပ်ပါတယ်။
ဒါကြောင့်… လွယ်လွယ်ရတဲ့ အဖြေတွေကြားမှာ သင့်ရဲ့ “စဉ်းစားတွေးခေါ်နိုင်စွမ်း” ကိုတော့ အပျောက်မခံလိုက်ပါနဲ့။
Related Facebook Posts (vpn ချိတ်ပြီး ကျနော့် FB page မှာ ဆက်ဖတ်လို့ရပါတယ် 🥳):
💬 Comments
Disqus “Guest” comments (name/email) can be enabled in your Disqus settings. True “zero-step anonymous” comments aren’t really possible (spam).